မန်ချက်စတာ စီးတီး (Manchester City) အသင်းအတွက် သတင်းကောင်းတစ်ခုကတော့ အဓိက ကွင်းလယ်ခံစစ်မှူး ရိုဒရီ (Rodri) နှင့် တိုက်စစ်ကစားသမား ရိုင်ယန် ချာကီ (Rayan Cherki) တို့ဟာ ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်။ နည်းပြ ပက်ဂွာဒီယိုလာ (Pep Guardiola) အတွက်တော့ ရာသီဝက်မှာ အားအင်ဖြည့်တင်းပေးမည့် ဒီကစားသမားနှစ်ဦး ပြန်လာခြင်းဟာ အသင်းရဲ့ ပွဲစဉ်တွေအတွက် ရွေးချယ်စရာကောင်းသွားမှာလည်းဖြစ်ပါတယ်. ကွင်းလယ်မှာ မရှိမဖြစ် Anchor Man အဖြစ် ရပ်တည်နေတဲ့ စပိန် လက်ရွေးစင် ရိုဒရီဟာ အသင်းရဲ့ ခံစစ်နှင့် တိုက်စစ်ကို ချိတ်ဆက်မှုမှာ အဓိက သော့ချက်ဖြစ်ပြီး ရိုဒရီ ပြန်လည်ပါဝင်လာခြင်းဟာ အသင်းရဲ့ ဟန်ချက်ကို Balance ဖြစ်သွားစေမှာပါ။ တောင်ပံနှင့် တိုက်စစ် ကစားနေရာမျိုးစုံမှာ ပါဝင်နိုင်တဲ့ ချာကီ ပြန်လာခြင်းဟာလည်း စီးတီးရဲ့ တိုက်စစ်ပိုင်းအတွက် ဖန်တီးနိုင်စွမ်းနှင့် အရှိန်အဟုန်တို့ကို ပိုမို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။